How to visit Europe (1)

colosseum, italy

ဥရောပသို့ … (အပိုင်း ၁)

ဥရောပသွားလည်ဖို့က လူတိုင်းရဲ့အိပ်မက်ပါ
ဖတ်ဖူးတဲ့စာတွေထဲက ..
ကြားဖူးတဲ့ သမိုင်းတွေထဲက ..
ကြည့်ဖူးတဲ့ ရုပ်ရှင်တွေကထဲက ..
နေရာတွေ၊ လမ်းတွေ၊ အဆောက်အဦတွေ က အစ .. နောက်ဆုံး ရင်ခုံဖွယ် ကော်ဖီဆိုင်လေးတွေ အထိ စိတ်ကူးယဉ်မိခဲ့ကြမှာပဲ … တနေ့ ရောက်ဖူးချင်သေးတယ်ပေါ့ …

ဥရောပသွားမယ်လို့ ဆိုတာနဲ့ သိထားဖို့တွေရှိလာပြီ
ဘယ်နိုင်ငံတွေ သွားကြမှာလဲ … ပြင်သစ်၊ အီတလီ စသည်ဖြင့်
ဘယ်လိုသွားကြမလဲ .. အဖွဲ့နဲ့လား ကိုယ့်အစီအစဉ်နဲ့လား
ဘယ်နှစ်ရက်သွားမလဲ … ၁ ပါတ်၊ ၁၀ရက် စတာတွေ စဉ်စားကြည့်ဖို့လိုလာပါပြီ။
ဘယ်ကစ ဘာတွေ သိထားရမလဲ ..

အများသွားလေ့ရှိတဲ့ ဥရောပနိုင်ငံ အကြောင်းလေးတွေနဲ့ တကယ်လို့ အုပ်စုအဖွဲ့နဲ့ သွားမယ်ဆိုရင် ခရီးတစ်လျှောက် တွေ့ကြုံရနိုင်တာလေးတွေ အနည်းငယ် စုစည်းပြလိုက်ပါတယ် ..

ဗီဇာ (Visa)
ဥရောပသွားဖို့ အရင်ဆုံး Schengen Visa ကိုယူရပါတယ်။ ဥရောပအတွင်းက Schengen အဖွဲ့ဝင် နိုင်ငံ ၂၆ နိုင်ငံကို ဗီဇာ တစ်ခုတည်းနဲ့ ဝင်ထွက် သွားလာလို့ ရပါပြီ။ ၂၆ နိုင်ငံထဲမှာ အများသွားလေ့ရှိတဲ့ နိုင်ငံကြီးတွေ တော်တော်များများပါပြီးသားပါ။ တချို့နိုင်ငံတွေက (ဥပမာ Croatia, Georgia, Cyprus) Schengen အဖွဲ့ဝင်ထဲမပါပေမယ့်လဲ Schengen visa ကို Multi-entry အမျိုးအစားနဲ့ယူလာပါက ဝင်ခွင့်ပေးပါတယ်။ ယနေ့အထိ Schengen Visa ကြေးမှာ Euro ငွေနဲ့ ၆၀ ရှိပါတယ်။ (မှတ်ချက်။ ထို Schengen အဖွဲ့ဝင် ၂၆ နိုင်ငံထဲမှာ England နှင့် Ireland မပါတာကြောင့် visa သီးသန့်စီ ယူရပါတယ်။ England အတွက် UK visa ကို မြန်မာနိုင်ငံအတွင်းမှာ လျှောက်ထားနိုင်သော်လည်း၊ Ireland visa ကိုတော့ Bangkok ရုံးမှာ သွားရောက်လျှောက်ထားရပါတယ်။)

ဘယ်နိုင်ငံတွေသွားမှာလဲ (Destinations)
ဥရောပဘက်သွားမယ်လို့ စိတ်ကူးမိတာနဲ့ အရင်ဆုံး စမိတာက ပြင်သစ်၊ အီတလီ၊ စပိန်၊ အင်္ဂလန် စတဲ့ နိုင်ငံကြီးတွေ။ ဒါပေမယ့် ခရီးစဉ်လမ်းကြောင်းနဲ့ ဗီဇာလျှောက်ရတာအဆင်ပြေမှု အရ အီတလီ သို့မဟုတ် ပြင်သစ်က စဝင်တာ (သို့) ပြန်ထွက်တတ်တာကြောင့် ခရီးစဉ်တော်တော်များများမှာ အီတလီ နဲ့ ပြင်သစ်ပါလေ့ရှိပါတယ်။ တနည်းအားဖြင့် အီတလီက စဝင်ရင် ပြင်သစ်က ပြန်ထွက်တယ်။ ပြင်သစ်က စဝင်ရင် အီတလီက ပြန်ထွက်တယ်။
ဒါကြောင့် Italy, Switzerland, France သုံးနိုင်ငံခရီးစဉ်က ဥရောပသို့ ပထမဆုံးသွားမယ့်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဒီ ၃နိုင်ငံအတွက် အနည်းဆုံး ၉ရက် ကနေ ၁၀ ရက်လောက် အချိန်ပေးမှ အထိကနေရာတွေ ရောက်ဖို့ လုံလောက်ပါတယ်။ တချို့က တော့ သွားမယ့်အတူတူ မထူးဘူး နည်းနည်း အချိန်ပိုပေးပြီး နိုင်ငံတွေ အများကြီးရောက်အောင် တခါတည်းသွားမယ်ဆိုပြီး ၆ နိုင်ငံကို ၁၂-၁၃ ရက်နဲ့ သွားကြပါတယ်။ ၆ နိုင်ငံတွဲမယ်ဆိုရင်တော့ များသောအားဖြင့် Italy, Switzerland, Germany, Netherlands, Belgium နဲ့ France တို့ ဖြစ်ပါတယ်။

လမ်းကြောင်းအရ တွဲသင့်တဲ့နိုင်ငံတွေနှင့် ဘယ်နှစ်ရက်လောက်လိုမယ် ဥပမာပြရရင်
Italy, Switzerland, France (၈ည ၉ ရက်)
Italy, Switzerland, Germany, Netherlands, Belgium နဲ့ France (၁၃ည ၁၄ ရက်)
Spain နဲ့ Portugal (၉ည ၁၀ရက်)
Germany, Czech Republic, Poland, Slovakia, Hungary, Austria (၁၃ည ၁၄ ရက်)
Sweden, Norway, Denmark (အချိန်ရရင် Finland ပါတွဲလို့ရတယ်) (၉ည ၁၀ ရက် အနဲဆုံး)
Greece and Santorini Island (၇ည ၈ရက်)
England, Scotland, Wales (၈ည ၉ရက်)

ဘယ်နေရာတွေလဲ (Cities, Locations, Places etc.)
ဘယ်နိုင်ငံတွေ ရောက်မှာထက် ဘယ်နေရာတွေရောက်မှာလဲကလည်း အရေးကြီးပါတယ်။ နိုင်ငံအစဉ်လိုက် (multi-centre) ခရီးတွေသွားတဲ့အခါ များသောအားဖြင့် အဓိက မြို့ကြီးတွေသာ ပါဝင်လေ့ရှိပါတယ် ဥပမာ – Italy မှာ Rome, Milan, Venice, France မှာက Paris စတဲ့မြို့တွေ။ နိုင်ငံတိုင်းမှာ မြို့ပြအလှတွေရှိသလို၊ ကျေးလက်အလှတွေလည်း ရှိပါတယ်။ မြို့ကြီးတွေဟာ လူနေမှုသိပ်သည်းပြီး ခေတ်မှီတိုးတက်လာတာနဲ့အမျှ၊ အေးဆေးသာယာတဲ့ ကျေးလက်တွေနဲ့ တဖြည်းဖြည်း အသွင်ကွဲလာပါတယ်။ မိမိနိုင်ငံအပြင်ထွက်ပြီး အခုလို နိုင်ငံကြီးတွေ လည်ပါတ်တုန်း လေ့လာ မှတ်သားစရာလေးတွေ မြင်မိတွေ့မိတတ်ပါတယ်။ ဒါကြောင့် မြို့ကြီးတွေရဲ့တိုက်ကြီးတွေ ကားတန်းတွေထဲမှာတင်မက ကျေးလက်အလှလေးတွေကိုလည်း ခံစားနိုင်ဖို့ အနည်းဆုံး ညအိပ်မဟုတ်တောင် နေ့ခြင်းပြန်သွားရောက်လည်ပါတ်တာမျိုး ပါသင့်ပါတယ်။

ဘယ်လောက်အချိန်ပေးရမလဲ (Time)
ဒီနေရာမှာ အဓိကပြောချင်တာက လှည့်လည်ကြည့်ရှုနိုင်ဖို့ (time for exploration) အချိန်ကိုဆိုလိုပါတယ်။ နိုင်ငံတွေအများကြီး မြို့တွေအများကြီး နေရာတွေ အများကြီးကို ၂ ပါတ်လောက်နဲ့ ရောက်အောင်သွားကြတဲ့အခါ ဘယ်နေရာမှာ ဘယ်လောက်အချိန်ရမလဲဆိုတာကလည်း နောက်ထပ် အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာပါတယ်။ နေ့စဉ် ၃ နာရီကနေ ၄ နာရီလောက်က မြို့တမြို့ကနေ တမြို့ကို ကားမောင်းချိန်ဖြစ်နေတတ်တယ်။ ပြီးရင် ၁ နာရီထပ်မနည်း နေ့လည်စာ စားတဲ့နေရာ သွားတာနဲ့ စားချိန်အတွက် ရာထားရပါတယ်။ ပြီးရင် ၁ နာရီခွဲ လောက်က ညစာ စားတဲ့နေရာ သွားတာနဲ့ စားချိန်ရယ် ဟော်တယ်ပြန်ဖို့အချိန်ရယ် ရာထားရပါတယ်။ တနေ့တာအတွက် ၃၊ ၄ နာရီလောက်သာ လည်ပါတ်ကြည့်ရှုနိုင်ဖို့အချိန်ရပါတယ်။ Eiffel Tower လိုနေရာမှာ အနည်းဆုံး ၃ နာရီထက်မနည်း အချိန်ပေးရပါတယ်။ Louvre Museum ကလည်း အနည်းဆုံး ၂ နာရီခွဲလောက် အချိန်ယူပါတယ်။ ပြသာထားတဲ့ ပန်းချီ၊ ပန်းပု အနုပညာလက်ရာများ ၃၈၀၀၀၀ (၃ သိန်း ၈ သောင်း) ကျော်ရှိပါတယ်။ ဒီအထဲကမှ ဧည့်သည်အများစုဟာ Mona Lisa ပန်းချီကား တစ်ချပ်ကိုသာ အဓိကထားကြည့်ရှုဖို့ သွားရင်းကုန်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုတိုအတွင်းမှာ နေရာတွေ အများကြီး သွားရောက်လည်ပါတ်တဲ့အခါ တစ်နေရာ တစ်နေရာမှာ ကြည့်စရာ အချိန်သိပ်မရတတ်တာတွေနဲ့ ကြုံရတတ်ပါတယ်။

အစားအသောက် (Food)
ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ဥရောပစာတွေကို ဈေးကြီးကြီးနဲ့ စားဖူးကြမှာပါပဲ။ တကယ်ဥရောပကို ရောက်တော့ သူတို့အစားအသောက်တွေကို မြည်းစမ်းကြည့်ချင်မှာပေါ့။ ဒါပေမယ့် ထ္မင်းလေးစာလိုက်ရမှ နေသာထိုင်သာရှိတတ်တာကြောင့် များသောအားဖြင့် Tour အုပ်စုတွေဟာ တရုတ်စာဆိုင်တွေမှာပဲ စားလေ့ရှိပါတယ်။ ဟင်းတွေကလည်း အသားဟင်းအစုံ အရွတ်အစုံကို အုပ်စုရောက်မယ့်အချိန်ကိုက် မှာထားပြီးသား ဖြစ်လေ့ရှိပါတယ်။ ရောက်မှမှာရင်ပိုကြာပါတယ်။ တချို့အတွက် ဒေသစာလေးတွေ စားချင်မယ့်သူတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ခရီးစဉ်တွေမှာ တနေ့ကို တစ်နပ်လောက်ပဲ (နေ့စာ သို့မဟုတ် ညစာ) ပဲ ထည့်ထားပြီး တစ်နပ်ကို မိမိနှစ်သက်ရာ စားနိုင်အောင် ချန်ထားတာ ပိုသင့်တော်ပါမယ်။ တချို့ ညစာ နဲနဲပဲစားတတ်သူတွေ၊ ပေါ့ပေါ့ပါပါးစားလိုသူတွေအတွက် အဆင်လည်းပြေ၊ အဖိုးလည်း သက်သာနိုင်ပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ လည်ပါတ်နေရာကနေ စားသောက်ဆိုင်အထိ ကားမောင်းချိန်၊ ဟင်းစောင့်ချိန်၊ ထိုင်စားချိန်တွေ မလိုတော့တာကြောင့် လည်ပါတ်ကြည့်ရှုချိန် ပိုရပါတယ်။ ပြည်က တချို့အုပ်စုအဖွဲ့ ခရီးတွေမှာ နေ့လည်စာ ညစာတွေ ကို တချို့နေ့တွေမှာ လမ်းခရီးအရ ထည့်ထားတာက ပိုအဆင်ပြေမှာမို့ ပါတာကလွဲပြီး အတော်များများ မပါတတ်ပါဘူး။ ခရီးသွားအတော်များများကလည်း နေ့လည်စာ ကို လမ်းမှာပဲ Sandwich တို့၊ ကော်ဖီနဲ့ ကိတ်မုန့် တို့လို အစာပြေ အလွယ်ရတာတွေပဲ သွားရင်းနဲ့ စားတတ်ကြပါတယ်။ ညစာကိုတော့ ဟော်တေယ်က စားသောက်ဆိုင် ဒါမှမဟုတ် အနီးနားလျှောက်သွားရင် တွေ့တဲ့ ဆိုင်လေးတွေမှာပဲ များသေားအားဖြင့် စားကြတယ်။ ဒါကြောင့် ခရီးတွင်ပါတယ်။ ဒါကြောင့် ထ္မင်းရနိုင်တဲ့ စားသောက်ဆိုင်တွေကို တကူးတက သွားရောက်ရတာကြောင့် အချိန်ပိုကုန်တတ်ပါတယ်။

ဝင်ကြေး (Entry Fees)
နောက်ထပ် အရေးပါတဲ့ အရာတခုကတော့ ပြခန်း ပြတိုက်တို့လို အထင်ကရနေရာတွေ အထဲဝင်ရောက် ကြည့်ရှုနိုင်ဖို့ ဝင်ကြေးပါပြီးပြီလား။ တချို့ခရီးစဉ်စာရွတ်တွေမှာ ဖေါ်ပြထားတာ သိပ်မရှင်းပါ။ “အမှတ်တရဓါတ်ပုံရိုက်ကြပါမည်” လို့ ရေးထားရင် ဝင်ကြေးမပါဘူးလို့ ဆိုလိုတတ်ပါတယ်။ နံမည်နဲ့တပ်ပြီး “ဘယ်နေရာ ဝင်ကြေးတော့ ပါတယ်” လို့ စာရင်းထဲမှာ ပြထားတာမျိုးတွေ့ရလေ့မရှိတာကြောင့် တကယ်ရောက်တဲ့အခါ အငြင်းပွားစရာဖြစ်တတ်ပါတယ်။ တစ်နေရာ တစ်နေရာကို ဝင်ကြေး ၁၅ယူရိုငွေကနေ ၂၅ ယူရိုထိ ပေးရပါတယ်။ ဒီလိုပဲ ဝင်ကြေးပေးပြီးဝင်ရမယ့် နေရာတော်တော်များများ ခရီးစဉ်တလျှောက်မှာ ပါပါလိမ့်မယ်။ ခရီးစဉ်တွေ အပြိုင်အဆိုင် လျှော့ဈေးတွေနဲ့ ရောင်းလာကြတဲ့အခါ အခုလို ဝင်ကြေးတွေ မပါတာမျိုးဖြစ်နေတတ်ပါတယ်။ ခရီးစဉ်တလျှောက် ဝင်မကြည့်လို့ ဒေါ်လာ ၁၅၀ ကနေ ၂၀၀ လောက် သက်သာတာထက် ဒေါ်လာ ၄၊ ၅ ထောင် အကုန်ကြခံသွားပြီးမှ နေရာတခုရဲ့ တကယ့်ခန်းနားမှု၊ အလှတရား တခုကို မြင်တွေ့ခွင့်မရလိုက်တာက ပိုနစ်နာစရာ ဖြစ်တတ်ပါတယ်။ ဝင်မကြည့်လိုက်ရလို့ဆိုပြီး ဒီနေရာတွေကို နောက်တခါပြန်လာကြည့်သူ တော်တော်ရှားပါလိမ့်မယ်။ နောက်တစ်ခါ သွားရင်းသွား မရောက်ဖူးသေးတဲ့ နေရာ၊ နိုင်ငံတွေပဲ သွားမိကြမှာပါ။

ဥရောပတိုက်ကြီးထဲမှာ ဂရိအင်ပါယာကြီးရှိခဲ့တယ်၊ ရောမအင်ပါယာကြီးရှိခဲ့တယ်။ နိုင်ငံပေါင်း ၅၀ ရှိတယ်။ နိုင်ငံတိုင်းမှာ သူ့အလှနဲ့ သူ့ယဉ်ကျေးမှုနဲ့ သူ့ရာဇဝင်သမိုင်းကြောင်းတွေနဲ့ ရှိခဲ့တယ်။ စာပေအနုပညာဂီတကအစ သိပ္ပံပညာအဆုံး ဥရောပနိုင်ငံတွေကြားကနေပေါက်ဖွားခဲ့တာတွေ များစွာရှိတယ်။ အပန်းဖြေကမ်းခြေတွေ၊ အပျော်စီးသငေ်္ဘာတွေ၊ နှင်းတောင်တွေ၊ မြို့တွင်း မြို့ပြင်ဖြတ်သန်းသွားတဲ့ မြစ်တွေ၊ ဗိသုကာလက်ရာတွေ၊ အမျိုးမျိုးသော အစားအသောက်တွေ စသည်စသည်ဖြင့် စုံလင်လှတဲ့ မြို့တွေ နိုင်ငံတွေကို ဘယ်ကစပြီး ဘယ်လိုသွားကြမလဲ ဆိုတာအတွက် စတင်စဉ်စားလို့ရအောင် ထုတ်နှုတ်ပြရခြင်းဖြစ်ပါတယ်။

ဥရောပခရီးစဉ်တွေနဲ့ ပါတ်သတ်လို့ သိလိုတာ၊ ဆွေးနွေးလိုတာ ရှိပါက အီးမေး မှတဆင့် [email protected] (သို့) viber +44 7557 333525 သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

VISITA Travel

Be the first to comment

Leave a Reply