နိုင်ငံခြားက tour တွေ နဲ့ လိုက်လည်ရင် သိထားသင့်တာလေးတွေ ရှင်းပြပါမယ်။ ယနေ့ အွန်လိုင်းမှာ ဘယ်နှစ်နိုင်ငံ ဘယ်နှစ်ရက် ခရီးကို ဘယ်လောက်ပဲ ကျတယ်ဆိုပြီး တစ်ချို့ပြောကြလေ့ရှိတယ်။ ဒီလို tour မျိုးကို SIC လို့ခေါ်တယ်။ Seat in Coach ကို အတိုကောက်ခေါ်တာပါ။ ကားကြီးတစ်စီးနဲ့ သတ်မှတ်ရက်တိုင်းမှာ သက်မှတ်ခရီးစဥ်ကို ထွက်တယ်။ အများနဲ့ စုပေါင်းထွက်တဲ့ ခရီးစဥ်မျိုးဖြစ်တယ်။ ယနေ့အခါ အွန်လိုင်းကနေ ရောင်းကြလို့ ကမ္ဘာအနှံ့က ခရီးသည်တွေ လိုက်ပါလေ့ ရှိတယ်။ ဒီလို သွားကြတာ စျေးသက်သာလို့လား၊ ကောင်းလို့လား၊ နောက်ထပ်မေးစရာက ကိုယ်နဲ့သင့်တော်ပါ့မလားဆိုတာကတော့ မိမိယူဆချက်အတိုင်းပဲဖြစ်ပါမယ်။
Google မှာ ရှာကြည့်ရင် ဥရောပ ၇ ရက်ခရီးစဉ်တစ်ခုကို ၁ ရက် ၈၈ ယူရိုနဲ့ သွားလည်လို့ရတဲ့ ကြော်ငြာတွေ တွေ့ပါလိမ့်မယ်။ တစ်ကမ္ဘာလုံးကို အွန်လိုင်းကရောင်းတာမို့ စျေးအသက်သာဆုံးပုံစံနဲ့ပဲ ပြထားလေ့ရှိတယ်။ ၁ရက်ကို ၈၈ယူရိုငွေအပြင် နောက်ထပ် ထပ်ပေးစရာတွေရှိပါတယ်။
ပါဝင်သောအရာများ
- ၂ယောက်တစ်ခန်း တည်းရမည့် (ကြယ်၃ပွင့်အဆင့် ဟော်တယ်)
- နေ့စဥ် မနက်စာ
- အစအဆုံး ခရီးသွားကားကြီး
- ဦးဆောင်သည့် ဂိုက် (သို့) မန်နေဂျာ
မပါဝင်သောအရာများ
- ကားဆရာနှင့် ဧည့်လမ်းညွှန်အတွက် တစ်ရက် ၇ ယူရို မုန့်ဖိုး (tip)
- ခရီးမစခင် ကြိုရောက် တည်းခိုရန် ဟော်တယ်ခ
- ခရီးစဥ်အပြီး မပြန်ခင် တည်ခိုးရန် ဟော်တယ်ခ
- ဗီဇာ နှင့် ခရီးသွားအာမခံကြေး
- ပြတိုက်နှင့် အထင်ကရနေရာများ ဝင်ကြေး
- နေ့၊ ည အစားအသောက်
- မြို့ဝင်ကြေး၊ ဟော်တယ်ခွန် စသည်များ (ဥရောပ နိုင်ငံများတွင် တည်းခိုခ ဟော်တယ်ခွန် သီးသန့် ပေးရပါတယ်)
ဒီတော့ ပါတာတွေ၊ မပါတာတွေနဲ့ တွက်ကြည့်ရအောင် …
- ၇ရက်စာ tour ခရီးစဥ်အတွက် ၇x၈၈ = ၆၁၆
- ၇ရက်စာ tip အတွက် ၇x၇ = ၄၉
- Tour က မနက် ၈ နာရီဆုံရပ်ကိုရောက်ရတာမို့ ရှေ့တစ်ရက် ကြိုရောက်ဖို့လိုတာကြောင့် ဟော်တယ် ၁ည ပိုယူရပါတယ် (၂ယောက်၁ခန်း အတွက်၊ တစ်ယောက်တည်းနေလျင် အပိုပေးရမည်) = ၅၀
- Tour နောက်ဆုံးနေ့က ညဘက်မှာ ပြီးတာမို့ မိမိလေယာဉ်ချိန်နဲ့ မကိုက်တတ်တာကြောင့် ၁ည ဆက်နေဖို့ဟော်တယ် ယူရပါမယ် (၂ယောက်၁ခန်း အတွက်) = ၅၀
- ရောက်တဲ့နေ့လေဆိပ်လာကြိုခ (အနဲ့ဆုံး ၂ ယောက် ရှိရမည်) = ၄၀
- ပြန်တဲ့နေ့ လေဆိပ် လိုက်ပို့ခ (အနဲ့ဆုံး ၂ ယောက် ရှိရမည်) = ၄၀
- နေ့+ညစာ ၁နပ် ၁၅ (ခန့်မှန်း) ၇*၂*၁၅ = ၂၁၀
(တချို့ညတွေ ဟော်တယ်မှာ စားမှဖြစ်တယ်၊ စားသောက်ဆိုင်လိုက်မပို့ပါ။ ဈေးပိုကြီးပါတယ်) - မြို့အလိုက် ဟော်တယ်ခ မြို့ဝင်ခ စာတာတွေ စုပေါင်း (ပျှမ်းမျှ) = ၄၅
- Eiffel Tower, Colosseum စသည်ဖြင့် ဝင်ကြေးများမပါသေး tour သပ်သပ် = ၁၀၅၀ ယူရို
ဒေါ်လာပြောင်း (ခန့်မှန်း ၁.၂ နှုန်း) ၁၀၅၀*၁.၂ = ၁၂၆၀
ဗီဇာကြေး (ယူရို ၆၀) = ၇၂
ခရီးသွားအာမခံ = ၃၅
လေယာဉ်လက်မှတ်(ခန့်မှန်း)= ၁၂၀၀
စုစုပေါင်း ကုန်ကျငွေ= ၂၅၆၇ ဒေါ်လာ (ဒါအနည်းဆုံးနော် ပိုဖို့ပဲရှိမယ်)
၁ရက်ကြိုရောက်၊ ၇ရက်လည်၊ ၁ ရက်နောက်ကျပြန်၊ ပြီးတော့ အချိန်ကွာခြားမှုကြောင့် ရန်ကုန်ကို နောက်ရက်မှ ပြန်ရောက်တာကြောင့် စုစုပေါင်း ခရီးစဉ် ကြာချိန်က ၁၀ ရက်ဖြစ်သွားပါတယ်။
ရုတ်တရက် ကြော်ငြာကို မြင်လိုက်ချိန်မှာ ၁ ရက်မှ ၈၈ ယူရိုရယ် ၇ရက်စာမှ ၆၁၆ ယူရိုပဲ တန်လိုက်တာ လို့မြင်မိကြမှာပါ။ ဒါအနောက်နိုင်ငံတွေရဲ့ စျေးရောင်းပုံပါ။ car အသစ်ရောင်းတာတောင် ယနေ့အထိ မှန်တင်ရင် လက်လှဲ့တင်တာတွေ ရှိနေသေးတယ်။
ဟုတ်ပြီ ကြော်ငြာထားတဲ့ စျေးနဲ့ အမှန်ကုန်ကျမှာကို သိပြီ၊ ခရီးသွားအတွေ့အကြုံကရော ဘယ်လိုရှိမလဲ။
အထက်မှာ မှီငြမ်းတွက်ပြထားတဲ့ agent နဲ့ အလားတူagent တွေစီစဥ်လေ့ရှိတဲ့ tour package တွေတော်တော်များများ တူပါတယ်။ ၇ရက် ၆ညနဲ့ ပြင်သစ်၊ ဆွစ်ဇာလန်၊ အီတလီ ၃ နိုင်ငံကို သွားပါတယ်၊ တစ်မြို့မှာ တစ်ညပဲ အိပ်လေ့ရှိတယ်၊ ၂ ညအိပ်တဲ့ မြို့ ဘယ်ခရီးစဥ်မှာမှ မပါပါ။ ညရောက်ရင် ဟော်တယ်မှာ အထုတ်အပ်၊ အခန်းယူ။ နောက်မနက် အထုတ်ယူ အခန်းအပ်နဲ့ ၇ရက်သွားရပါမယ်။ တစ်မြို့ပြီး တစ်မြို့ ခရီးပြင်းနှင်တာမို့ ကားပေါ်ထိုင်နေရချိန်က အပြင်မှာ လည်ပါတ်ကြည့်ရှုချိန်ထက် ပိုများပါမယ်။ လည်ပါတ်ကြည့်ရှုချိန်ဆိုတာ ပြတိုက်ထဲမဝင်၊ အီဖယ်မျှော်စင်ပေါ်မတက်၊ မြစ်ထဲ လှေမစီး၊ နေရာတိုင်းမှာ အပြင်ကနေ ကြည့် ဓါတ်ပုံရိုက်ဖို့ လုံလောက်ရုံအချိန်ပဲ ရမယ်။ ရုပ်ရှင်ထဲမှာတော့ မှန်သားပြင်ပေါ်မှာ ကြည့်ခဲ့ရပြီး၊ အခုတော့ ပိုက်ဆံအကုန်ခံကာ ၃ နိုင်ငံကို ကားမှန်နောက်ကနေ ကြည့်ရသလို ဖြစ်နေတယ်။
နောက်တစ်ခုက အခြားနိုင်ငံက အယောက် ၅၀လောက်နဲ့ တနည်းအားဖြင့် စကားစမြည်လေးတောင် ပြောလို့မလွယ်တဲ့ သူစိမ်းတွေနဲ့ အတူထိုင်၊ အတူသွားရနိုင်မယ်။ ကိုယ်လိုက်မယ့် tour ခရီးစဥ်က တရုတ်၊ အင်ဒီးယန်း လူမျိုးတွေ သွားလေ့ရှိတာမျိုးဖြစ်နေရင် သူ့လူမျိုးများတာကြောင့် သူ့ဘာသာစကားနဲ့ ရှင်းပြတာများမယ်၊ သူ့အစားအစာ ဆိုင်တွေမှာပဲ ရပ်ပေးမယ် ဆိုတာတွေလည်း ကြုံရနိုင်ပါသေးတယ်။
ပြန်စစ်ကြည့်တော့ ကြော်ငြာထားတဲ့ ၁ရက် ၇၈ယူရိုမှာ ဟော်တယ်ခ (၂ယောက်တစ်ခန်း) နဲ့ ခရီးစဥ်တစ်လျှောက်စီးသွားတဲ့ ကားခပဲပါတယ်။ ကျန်တဲ့ အထင်ကရာနေရာဝင်ကြေး၊ အစားအသောက်၊ ဟော်တယ်ခွန်၊ မြို့ဝင်ကြေးစတဲ့ စတဲ့ ဟာတွေ ဘာမှမပါပါ။ လမ်းမှာ အားလုံး ထပ်ပေးရပါတယ်။ မပေးလို့လုံးဝမရပါ။ ဒီလို အထင်ကရနေရာတွေရောက်ပြီး အထဲအထိ မရောက်ခဲ့ရတာ ကိုယ်က ကျေနပ်နိုင်မလား။
ဒါက တကယ်ကို စျေးအသက်သာဆုံးလို့ လူပြောများတဲ့ tour တစ်ခုကို နမူနာယူပြီး ရှင်းပြတာပါ။ ဒီထက် စျေးပိုပေးရပြီး ဒီထက်ပို အဆင်မြင့်တဲ့ tour တွေလည်း ရှိတယ်။ တန်းဖိုးအလိုက် အရည်အသွေးကွာပါတယ်။ ဘယ်လိုဖြစ်ဖြစ် SIC လို အများနဲ့သွားရတဲ့ နိုင်ငံခြား tour တွေနဲ့ ကိုယ်သွားတတ်ရဲ့လား ဆိုတာ နားလည်ထားသင့်ပါတယ်။
ကိုယ်က တကယ်ကို ဒီလောက်ပဲ သုံးနိုင်လို့ဖြစ်ဖြစ်၊ ဒီလောက်ပဲ အချိန်ရလို့ဖြစ်ဖြစ်၊ ဒီခရီးစဥ်ပဲရှိလို့ဖြစ်ဖြစ်၊ ကြုံရမှာတွေကိုလည်း သိထားတယ် ဆိုရင်တော့၊ ကိုယ့်ကို အရောက်ပို့ပေးနိုင်တာ ဒီလို tour တွေပါ။ တကယ်လို့ ဒီထက်ပိုသုံးနိုင်ပြီး ခရီးသွားအတွေ့အကြုံလေး မှတ်မှတ်ရရ ရချင်တယ်ဆိုရင်တော့ အခြားအစီအစဥ်မျိုး စဥ်းစားသင့်ပါတယ်။
မသိပဲ လိုက်သွားမိတာမျိုး မဖြစ်ရအောင်ပါ။
(မှတ်ချက် = ၁-၂-၂၀၂၃ မှစပြီး ၁ရက်ကို ၁၁၁ ယူရိုနှူန်းစတင်ပါပြီ)
Schengen Visa (ရှန်ဂန်ဗီဇာ) ဘယ်လိုလျှောက်ရမလဲ ဒီမှာ ဆက်ကြည့်ပါ။
